တနင်္သာရီတိုင်းသို့ ဆန်တင်ပို့ခွင့်ကို မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် မန္တလေး အခြေစိုက် အောင်မြင်သူ ကုမ္ပဏီတို့အား တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်က လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း ဒေသခံဆန်ကုန်များက ပြောသည်။

(ဓာတ်ပုံ - ကိုခိုင်)
ယခုအခါ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်က ဈေးကွက်တည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် ဦးချစ်ခိုင်၏ ကဉ္စန ကျွန်းသာ ကုမ္ပဏီနှင့် မန္တလေးအခြေစိုက် ဦးလှမျိုး၏ အောင်မြင်သူကုမ္ပဏီတို့ကိုသာ တင်ပို့ခွင့် ပြုကြောင်း၊ မူလ တင်ပို့နေသည့် ဒေသခံကုန်သည်များအနေဖြင့် ၎င်းကုမ္ပဏီ နှစ်ခုထံမှသာ ၀ယ်ယူရန်လည်း ဦးခင်ဇော်က ပြောဆိုကြောင်း မြိတ်ဒေသခံ ဆန်ကုန်သည်တဦးက ဆိုသည်။
“ကုမ္ပဏီကြီးတွေက လွဲရင် အခုဘယ်သူမှ ပို့ခွင့်မရှိဘူး။ အရင်လုပ်နေကျ လက်ငုတ်ပွဲရုံတွေ တခြားအလုပ်ပြောင်း လုပ်နေရတယ်” ဟု ၎င်းကဆိုသည်။
ဒေသခံ ဆန်ကုန်သည်များက တိုင်းဝန်ကြီးချုပ် ဦးခင်ဇော်သို့ သွားရောက်ပြောဆိုသော်လည်း ၎င်းကုမ္ပဏီ ၂ ခုထံမှသာ ပြန်လည် ၀ယ်ယူပြီး ရောင်းချရန် ပြောဆိုသည်ဟု အဆိုပါ ဆန်ကုန်သည်က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးခင်ဇော်သည် ယခင် မန္တလေးတိုင်း တိုင်းမှူး ဖြစ်ပြီး တနင်္သာရီတိုင်းတွင်လည်း ကစထမှူးအဖြစ် တာဝန်ယူဖူးသည်။
ကဉ္စနကျွန်းသာ ကုမ္ပဏီသည် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ Gold Delta ကုမ္ပဏီ၏ အမည်ခွဲ ကုမ္ပဏီ တခုဖြစ်ပြီး၊ ဦးချစ်ခိုင်သည် ဧဒင် Group ဆောက်လုပ်ရေး လုပ်ငန်းအပြင် မြန်မာရှေ့ဆောင်ဘဏ် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်သည်။
ဦးလှမျိုးသည် မန္တလေးအခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်ပြီး ၀န်ကြီးချုပ် ဦးခင်ဇော် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ်က ရင်းနှီးသူဖြစ်ကြောင်း၊ အောင်မြင်သူ အမည်ဖြင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည့်အပြင် မန္တလေးမြို့ထုတ် ပန်သစ္စာဂျာနယ်ကို ထုတ်ဝေခဲ့သူဖြစ်သည်။
အဆိုပါ ကုမ္ပဏီ ၂ ခုက ထားဝယ်၊ မြိတ်နှင့် ကော့သောင်း အဓိက နေရာ ၃ ခုသို့ ဆန်တင်ပို့ပြီး မူလ တင်ပို့နေသည့် ဒေသခံကုန်သည်များသည် ကုမ္ပဏီကြီးများထံမှ ထပ်ဆင့်ဝယ်ယူ ဖြန်ဖြူးရောင်းချရမည့် အကျိုးဆက်ကြောင့် ဒေသတွင်းရှိ စားသုံးသူများအနေဖြင့် ဆန်ကို ဈေးကြီးပေးပြီး ၀ယ်ယူရနိုင်သည်ဟုလည်း ၎င်းကဆက်လက်ရှင်းပြသည်။
အဆိုပါဒေသသို့ အများဆုံးတင်ပို့ရသည့် ဆန်မှာ မြစ်ဝကျွန်းပေါ်ဒေသထွက် ပေါ်ကျွဲ အမျိုးအစားနှင့် မနောသုခ အမျိုးအစား ဆန်များဖြစ်ကြောင်း၊ လက်ရှိဒေသတွင်းတွင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ အမျိုးမျိုး ရောင်းဝယ်နေသည်ဟု သိရသည်။
ရန်ကုန်မြို့ ဘုရင့်နောင်ဆန်ဈေးကွက်မှ ဆန်ကုန်သည်တဦးကလည်း ကဉ္စနကျွန်းသာ ကုမ္ပဏီနှင့် အောင်မြင်သူကုမ္ပဏီတို့သာ တနင်္သာရီတိုင်းသို့ တင်သွင်းခွင့်ရသည်မှာ မှန်ကန်ကြောင်း၊ ဘုရင့်နောင်ဆန်ဈေးကွက်တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသမှ လာရောက်ဝယ်ယူသည့် ဆန်ကုန်သည်များ ယခုအခါ ၀ယ်ယူခြင်း မရှိတော့ကြောင်း ပြောသည်။
No comments:
Post a Comment